တစ်ခါတရံမှာ စိတ်ဖိစီးမှုတွေ ဆက်တိုက်ဖြစ်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အဆင်ပြေရဲ့လား ဆိုတာတောင် သတိမထားမိ ကြတော့ပါဘူး။
ဒါပေမယ့် သင့်မှာ ဆက်တိုက် စိတ်ဖိစီးမှုတွေ များလာတဲ့အခါ သင့်ခန္ဓာကိုယ်ကတော့ အချက်ပြလာပါတယ်။
၁။ အံကြိတ်ခြင်း
အံကြိတ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ စိတ်ဖိစီးမှုကြောင့်ပါ။ အိပ်နေတဲ့အချိန် သို့မဟုတ် နေ့ဘက်အချိန်တွေမှာ မသိစိတ်ရဲ့ စေ့ဆော်မှုအရ အံကြိတ်နေတတ်ပါတယ်။
မနက်အိပ်ရာနိုးရင် မေးရိုးတွေ နာကျင်တာကို ခံစားရပါလိမ့်မယ်။
၂။ ချွေးအမြဲလိုလို ထွက်နေခြင်း
လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ၊ ရာသီဥတုပူတဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ ချွေးတွေ ထွက်လာပါတယ်။
ဒါပေမယ့် သင်က ပင်ပင်ပန်းပန်း မလုပ်ဘဲ အမြဲလိုလိုချွေးထွက်နေတယ် ဆိုရင်တော့ အဲဒါက စိတ်ဖိစီးမှုတွေ များနေလို့ပါ။
၃။ ဆံပင်တွေ ပိုကျွတ်လာခြင်း
သင့်ဆံပင်တွေက အရင်ကထက် ပိုပိုကျွတ်လာတယ် ဆိုရင် သင့်ရဲ့ မသိစိတ်ထဲမှာ ဖိအားတွေ၊ စိတ်ဓါတ်ကျစရာတွေ များနေလို့ပါ။
စိတ်အခြေအနေ မမှန်တာက ဆံပင်ကြီးထွားမှုကို ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှု လွန်ကဲရင် ၆ ပတ်ကနေ ၁၂ ပတ်လောက်အထိ ဆံပင်ကျွတ်ပါတယ်။
၄။ ခန္ဓာကိုယ်မှာ အနီစက်များ၊ အနီကွက်များ ထွက်လာခြင်း
သင်က ဓါတ်မတည့်တာမျိုး မဖြစ်ဖူးဘဲ ရုတ်တရက် အနီစက်တွေ၊ အနီကွက်တွေ ခန္ဓာကိုယ်မှာ ထွက်လာရင်လည်း အဲဒါက စိတ်ဖိစီးမှု များတဲ့ လက္ခဏာပါပဲ။
ဒါ့အပြင် သင့်ပါးစပ်ထဲမှာလည်း အပူဖုဖောက်သလို အနီစက်တွေ ဖြစ်တတ်ပါတယ်။
၅။ ခဏခဏ မျက်ခမ်းလှုပ်ခြင်း
စိတ်ဖိစီးမှုက ဦးနှောက်နဲ့ မျက်နှာကြွက်သားတွေကို ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပြပါတယ်။ နောက်ဆက်တွဲအနေနဲ့ ခဏခဏ မျက်ခမ်း လှုပ်သွားတတ်ပါတယ်။ တချို့တွေဆိုရင် နှစ်ပတ်လောက်အထိ မျက်ခမ်းလှုပ်ပါတယ်။
၆။ အမြဲလိုလို အာခေါင်ခြောက်ခြင်း
သင်က ငံတဲ့အစားအစာတွေကို မစားဘဲ ခဏခဏ ရေဆာနေတယ်ဆိုရင် စိတ်ဖိစီးမှု များနေလား ဆိုတာကို သတိထားကြည့်ဖို့ လိုပါပြီ။
အချိန်ကြာကြာ ဖိစီးမှုများတာကြောင့် တံတွေးဂလင်းတွေ ပိတ်သွားပြီး အာခေါင်ခြောက်လာပါတယ်။ ဒါ့အပြင် အစားအစာတွေ မျိုချတဲ့အခါလည်း ခက်ခဲလာပါတယ်။